05 October 2021

လူတိုင်းရှောင်လွှဲလို့ မရနိုင်သော သဘာဝဖြစ်စဥ်

အရိုးပွခြင်း

    အရိုးဟာသိပ်သည်းဆရှိပြီး calcium,phosphate တွေနဲ့အုံထားတဲ့ Protein ဓာတ်ကြီး ဖြစ်တယ်။ အရိုးပွ​ခြင်းဟာအသက်ကြီးလာရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝဖြစ်စဥ်ဖြစ်တာကြောင့် ဘယ်သူမှ ရှောင်လွှဲလို့ မရနိုင်ပါဘူး။

အရိုးပွခြင်းဖြစ်ပေါ်ရသောအကြောင်း

    အရိုးဟာနေ့စဥ်ဖြိုခွဲခြင်းခံရတယ်။ နေ့စဥ်အသစ်ဖြစ်ပေါ်တယ်။ နေ့စဥ်အသစ်ပြန်ဖြစ်ခြင်းဟာ ငယ်ရွယ်စဥ်မှာမသိသာပေမယ့် အသက်ကြီးလာတဲ့အခါ အသစ်ဖြစ်ပေါ်လာမှု နှေးလာတဲ့အတွက်ကြောင့် bone loss ကပိုများလာပြီး bone density လို့ခေါ်တဲ့ အရိုးရဲ့သိပ်သည်းဆကျလာရခြင်းကြောင့် အရိုးပွခြင်း၊ အရိုးပါးခြင်းများ ဖြစ်ပေါ်လာရပါတယ်။

ဘယ်အရိုးတွေမှာ အဖြစ်အများဆုံးလဲ

  • တင်ပဆုံရိုး
  • လက်ကောက်ဝတ်ရိုး
  • ခါးဆစ်ရိုးတွေမှာ အခြားသော အရိုးတွေထက် အရိုးပွခြင်းကို ပိုခံစားရတယ်။

ဘယ်လို လူတွေမှာ ပိုဖြစ်လဲ

  • သွေးဆုံးချိန်စောသူများ (မျိုးရိုးကြောင့် သို့မဟုတ် အခြားအကြောင်းများ)။
  • သားအိမ်နှင့် သားဥအိမ်ထုတ်ထားသော အမျိုးသမီးများ။
  • မိသားစုထဲက အမျိုးသမီးများတွင် အရိုးပါး ၊အရိုးပွရောဂါ မျိုးရိုးရှိသူများ။
  • အာဟာရချို့တဲ့သူများ (အထူးသဖြင့် calcium, Vitamin-D နှင့် protein ဓာတ်ပါသောအစာတွေကောင်း ကောင်းမစားသူများ)။
  • လေ့ကျင့်ခန်းမလုပ်သူများ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူများ၊ အထိုင်များသူများ။
  • ဆန့်ကျင်ဘက်အနေဖြင့် လေ့ကျင့်ခန်းအပြင်း အထန်လုပ်သူများ။
  • အလွန်အမင်း အစားလျော့စားသူများ။
  • အကြောင်းတစ်ခုခုကြောင့် ကာလရှည် ရာသီမလာသူများ။
  • Steroid ဆေးဝါးများကို ကာလ ရှည်ကြာ သုံးစွဲသူများ။
  • ဆေးလိပ်နှင့် အရက်သောက်သူများ။
  • အရိုးသိပ်သည်းဆကို ထိန်းပေးသော ( Pituitary hormone,thyroid hormone,parathyroid hormone, estrogen hormone ) ကဲ့သို့သော hormone များပြောင်းလဲခြင်း။
  • ကျောက်ကပ်ရောဂါရှိသူများ (Vit‌amin-D က ကျောက်ကပ်ထဲကိုရောက်မှ အရိုးကိုမာစေတဲ့ ဓာတ်ဖြစ်သွားတာကြောင့် ကျောက်ကပ်လုပ်ငန်းများ ကျသွားတဲ့အခါ အရိုးပွခြင်းကိုဖြစ်စေပါတယ်)။
  • အူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများ( Coeliac disease,Crohn's disease ကဲ့သို့ အူပိုင်းဆိုင်ရာ စုပ်ယူမှု အားနည်းသော ရောဂါများ)။
  • မွေးစမှ စပြီး generation ကြောင့်ဖြစ်သော အရိုးပွခြင်း။
  • ငယ်စဥ်ထဲက Vitamin-D ဓာတ်အားနည်းလို့ဖြစ်တဲ့ Ricket ရောဂါ စသည်တို့မှာ အရိုးပွခြင်း ပိုဖြစ်တတ်ပါတယ်။

အရိုးပွခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ

    အရိုးပွခြင်းဟာဖြစ်စတွင် သိပ်မသိသာသော်လည်း အချိန်ကြာလာတဲ့အခါ အောက်ပါလက္ခဏာရပ်များကို တွေ့ရပါတယ်။
  • ကျောရိုးများ ပြားသွားခြင်း၊ ကျိုးခြင်းကြောင့် ခါးနာခြင်း။
  • အရပ်တိုလာခြင်း၊ ခါးကုန်းလာခြင်း။
  • လှုပ်ရှားမှုပုံစံတို့မှားယွင်းခြင်း။
  • အရိုးများဟာ အမှတ်မထင်ဘဲ ကျိုးလွယ်ခြင်းတို့ တွေ့ရတတ်ပါတယ်။

ဘယ်လို စစ်ဆေး သိရှိနိုင်မလဲ

  • Bone density စစ်ဆေးခြင်း။
  • X ray ရိုက်ခြင်း။
  • ရောဂါအခြေအနေအကြောင်း မေးမြန်းခြင်း နှင့် စမ်းသပ်ခြင်းများ ပြုလုပ်နိုင်ပါတယ်။

အရိုးပွခြင်းကို အတတ်နိုင်ဆုံး ဘယ်လို ကာကွယ်ကြမလဲ

  • အရိုးပွခြင်းကို ကာကွယ်ရန် အသက်ငယ်စဥ်မှစပြီး နည်းမှန်လမ်းမှန် စားသောက်ပါ။
  • အသားဓာတ်နှင့် Calcium, Vit D ပါဝင်သော အစာတို့ကို များများစားပါ။
  • တစ်နေ့တာ အတွက် အသက်အရွယ်အလိုက် လိုအပ်သော ပျမ်းမျှ Calcium ပမာဏ
    • 1yr-3yrs >>>>>>>>>>>> 500mg
    • 4yrs-8yrs>>>>>>>>>>> 700mg
    • 9yrs-11yrs>>>>>>>>>>1000mg
    • 12yrs-18yrs>>>>>>>>>1300mg
    • 19yrs +>>>>>>>>>>>>>1000mg
    • 50yrs+ >>>>>>>>>>>>>1300mg
    • 70yrs+>>>>>>>>>>>>>1300mg
    • Pragnant>>>>>>>>>>>1000mg
    • Breast Feeding>>>>>>1300mg

ဆောင်ရန်

  • နို့နှင့် နို့ထွက်ပစ္စည်း၊ ဒိန်ချဥ်၊ cheese
  • ပဲနို့၊ ပဲပုပ်၊ ပဲပိစပ်၊ တို့ဟူး၊ ပဲအမျိုးမျိုး
  • အရိုးပါစားလို့ရသော ငါးကလေးများ
  • အစေ့အဆံများ
  • ငါးအသည်းဆီ(cod liver oil)
  • Salmon ငါး
  • ဆာဒင်းငါး
  • ဟယ်ရင်း ငါး
  • မာဂျရင်း
  • ကြက်ဥအနှစ်
  • အစိမ်းရောင်ရှိသော အသီးအနှံများ

ရှောင်ရန်

  • ကော်ဖီ၊ လက်ဖက်ရည်ကဲ့သို့ caffeine ဓာတ်များကို အများကြီးမသောက်သုံးရပါ။
  • ဆေးလိပ် ၊ဆေးလိပ်မီးခိုးငွေ့။
  • အရက်၊ ဘီယာ အလွန်အကျွံသောက်ခြင်း။
  • Vitamin-D ကောင်းကောင်းရစေရန် နံနက် ၈နာရီမှ ၁၀နာရီအတွင်း နေရောင်ခြည်ကို ၁၅မိနစ်ခံယူပါ။
  • အရိုး နှင့် အရိုးဘေးမှာရှိသော ကြွက်သားများပိုမိုခိုင်မာလာစေရန် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊လမ်းလျှောက်ခြင်း တို့ကို နေ့စဥ်ပြုလုပ်ပေးပါ။

0 comments:

Post a Comment